Tuesday, July 17, 2012
ငါးပတ်မွှေချက်၊ ၀က်နှလုံးဆီပြန်ချက်၊ ၀က်သားလုံးမဆလာကြော်၊ ကြက်ဟင်းခါးသီးကြော် နဲ့ အတိုအထွာများ
ငါးပတ်မွှေချက်၊ ၀က်နှလုံးဆီပြန်ချက်၊ ၀က်သားလုံးမဆလာကြော်၊ ကြက်ဟင်းခါးသီးကြော် နဲ့ အတိုအထွာများ
ငါးပတ်မွှေချက်
အိုးလိုက်ဘဲချလိုက်ပြီနော်။ ငါးပတ်မွှေလို့ ဘဲပြောပါရစေ။ Cat fish ဆိုတော့ ငါးဒန်တို့ ငါးပတ်တို့ လိုနှာခေါင်းမွှေးပါတဲ့ငါးပါ။ ကြည့်ရတာတော့ငါးပတ်လိုပါဘဲ။ (ငါးခူမဟုတ်တာတော့သေချာတယ်။ ဘာလို့ လည်းဆိုတော့ fresh caught၀ယ်လာတာမို့ လို့ ပါ။ သိသာပါတယ်။) အာရှဆိုင်ကပါဘဲ။ တတောင်လောက်တကောင်ကို ၈ ကျပ်ကျော်ပေးခဲ့ရပါတယ်။ ဟင်းတွေလည်း ထပ်နေပြီး ဘာချက်စားရမှန်းတောင် မသိတော့ပါဘူး။
ပထမဆုံးငါးတွေကိုရေဆေးပြီး အိုးကြီးကြီးထဲမှာ စပါးလင်၊ ငံပြာရည်၊ ဆား ၊ ဆနွင်းထဲ့ပြီး ငါးတွေကို ရေမြုပ်ရုံထဲ့ပြီး ပြုတ်ထားလိုက်ပါတယ်။ ပြီးတော့ဂျင်း၊ ကြက်သွန်ဖြူ၊နီ၊စပါးလင်ကြိတ်ထားတာတို့  နဲ့ ဆီကိုမွှေးနေတဲ့ထိသတ်ပါတယ်။ ဆီသတ်နေတုန်းမှာ ငရုတ်သီးမှုန့် ဆနွင်းမှုန့် ထဲ့ပါတယ်။ အားလုံးမွှေးလာတော့ခရမ်းချဉ်သီးတလုံးအစေ့ထုတ်ပြီးညှပ်ထဲ့ပါတယ်။ ငံပြာရည်၊ ထဲ့ပါတယ်။ ဆားထဲ့ပါတယ်။ ခရမ်းချဉ်သီးကျက်တော့ ငါးပြုတ်တွေအသားထွင်ပြီးထဲ့ပါတယ်။ 
ငါးပြုတ်ရည်တွေနဲ့ စိုနေတာတွေ  ဆီပြန်ခါနီးမှာ ငရုတ်သီးစိမ်း နံနံပင်ညှပ်ထဲ့ပြီးချလိုက်ပါတယ်။ အမေကငါးပတ်ပုပ်ပုပ်ငရုတ်စပ်စပ်လို့ ငါးပတ်မွှေချက်စားကြတိုင်းပြောပါတယ်။ ဒါ့ကြောင့်ငရုတ်သီးများများထဲ့ရင်ပိုမွှေးပါတယ်။ အမေကပြောပါသေးတယ်။ ဘာအရွက်မှမအုပ်ဘို့ စပါးလင်နံ့ ကိုဖုံးသွားမှာစိုးလို့ ။ ကျမကတော့ ကိုယ်လုပ်ချင်တာလုပ်နေကျဆိုတဲ့အတိုင်း ဒီတခါတော့ နံနံပင် အုပ်လိုက်ပါတယ်။
ဝက်နှလုံးဆီပြန်ဗမာချက်
ဝက်နှလုံးတွေလည်းဝယ်လာမိတော့ချက်ဘို့ ပြင်ရပြန်ပါတယ်။ ၀က်နှလုံးသုံးလုံးကို သုံးကျပ်ကျော်ကျော်ကျပါတယ်။ သူကဒုတ်ထိုးလိုလုပ်စားရအောင်တဲ့။ ဒါပေမဲ့ ကုန်အောင်မစားနိုင်ရင် မာခြောက်ခြောက်ကြီးတွေဖြစ်ကုန်မယ်လေဆိုပြီး နှစ်မျိုးခွဲချက်ဘို့ စီစဉ်လိုက်ပြန်ပါတယ်။ တ၀က်ကို ခုလို အနှစ်နဲ့ (ဂျင်း၊ ကြက်သွန်ဖြူ၊နီ၊ ခရမ်းချဉ်သီး) ဗမာချက်လေးချက်လိုက်ပါတယ်။
ဝက်နှလုံးဒုတ်ထိုး
တ၀က်ကိုတော့ဒုတ်ထိုးပုံစံမျိုးလုပ်လိုက်ပါတယ်။ ဒါပေမဲ့ကျမရောသူရော တရုတ် အမွှေးအကြိုင်တွေသိပ်မနှစ်သက်တော့ နာနတ်ပွင့်လေးတပွင့် နဲ့ Cardamon လို့ ခေါ်တဲ့ အလုံးလေးတလုံးနဲနဲထုပြီးဆီမွှေးလုပ်ပါတယ်။ (ထုရခြင်းအကြောင်းကတော့မထုဘဲထဲ့မိတဲ့တချိန်မှာအဲဒီအလုံးကနေ ဆီပေါက်ဖူးလို့ ကြောက်သွားလို့ ပါ။ အဲဒီအရင်ကတော့တခါမှ မထုပါဘူး။ ဒါပေမဲ့တခါသေဘူးပျဉ်ဘိုးနားလည်ရမယ်မဟုတ်ပါလားရှင်။) 
ပြီးတော့အိုးဘေးအသာလေးကပ်ထားပြီး သကြားနဲနဲကိုအဲဒီဆီနဲ့ ဆက်ကြော်ပါတယ်။ သကြားကိုဆက်တိုက်မွှေပြီး နီလာတော့မှ ဆားပြားနယ်ထားပြီးပါးပါးလှီးထားတဲ့နှလုံးတွေကိုထဲ့မွှေပြီးကြော်ပါတယ်။  အဖုံးခဏအုပ်ထားပြီးဆီပြန်တော့ရေဆူထဲ့ပါတယ်။ ပွက်ပွက်ဆူနေအောင် ခဏတည်ထားပါတယ်။ ပြီးတော့မှ မီးအေးလေးနဲ့ ဆက်တည်ထားပြီး ကျမအကြိုက်နူးလည်းနူး ခပ်ထုပ်ထုပ်လေးလည်းဖြစ်တဲ့အချိန်ကျတော့မီးကို မြှင့်ပြီးမစိုတစိုလေးမှာချလိုက်ပါတယ်။
တိုဟူးကြော်
မနေ့ ကစပ်ဆော့ပြီး တိုဟူးလုပ်ထားမိလို့  စားဘို့ စီစဉ်ရပါသေးတယ်။ အဲဒါကတော့ဝက်နှလုံးကို ဗမာချက်မချက်ခင် ဆီထဲမှာ တိုဟူးတွေလှီးပြီးကြော်ရတာပါ။ ပဲသိပ်မကြိုက်ပေမဲ့တိုဟူးကိုတော့ကြိုက်ပါတယ်။ တိုဟူးကတော့မြင်တဲ့အတိုင်းဘဲ အကျက်မညီပါဘူး။ ဘယ့်နှယ် ညီနိုင်ပါ့မလဲ။ ဟိုဟာလှီးရ၊ ဒီဟာချွတ်ရနဲ့ ကို။ လုပ်တုန်းကလည်းမွှေရတာပျင်းလို့ နဲနဲအချစောသွားတော့ဖြစ်ပေမဲ့လိုချင်သလောက်မဖြစ်ပါဘူး။
တော်သေးတယ်။ အချဉ်ကပုဇွန်ကြော်စားတုန်းကပိုလုပ်ထားတော့နံနံပင်လေးဘဲထပ်ထဲ့လိုက်ရပါတယ်။ ဒီချဉ်ငံစပ်လေးနဲ့ တွဲစားပါတယ်။
ဝက်သားလုံးမဆလာကြော်
ဝက်တြိတ်သားကလည်းဝယ်လာမိပါသေးတယ်။ ၀က်သားလုံးလုပ်ဖို့ ဆိုပြီး။ သူကထမင်းဘူးထဲ့ရတာအဆင်ပြေတယ်လေ။ ထမင်းပေါ်တင်သွားလည်းရတယ်။ ကဲ..ကိုယ့်အပြစ်နဲ့ ကိုယ်လုပ်ဦး။ ဒါပေမဲ့သူကတော့မြန်ပါတယ်။ ဒယ်အိုးထဲတခါတည်းထဲ့ပြီးအဆာပလာတွေထဲ့နယ်ပါတယ်။ ဂျင်း၊ ကြက်သွန်ဖြူ၊ ကုလားလေးမဆလာ၊ ဇီယာ၊ ခရုဆီ၊ ငရုတ်ကောင်း၊ ငံပြာရည်၊ ကြက်သားမှုန့် နဲနဲထဲ့နယ်ပြီးလုံးပါတယ်။ နှလုံးဟင်းနဲ့ ငါးဟင်းကဗမာချက်တွေဆိုတော့သူ့ ကို ဆိတ်သားလုံးလို အင်ဒီးယန်းစတိုင်လုပ်လိုက်ပါတယ်။ အိုးထဲမှာဘဲတခါတည်းစီထားပါတယ်။ ပန်းကန်ဆေးရသက်သာအောင်လို့ ။ 
ပြီးတော့ဆီ ရော၊ ရေရော တခါတည်းထဲ့ပြီး ပြုတ်ကြော်လို အရင်လုပ်လိုက်ပါတယ်။ ဒီလို လုပ်တာနောက်နေ့ တွေစားရင်လည်း မာခြောက်ကြီးသိပ်မဖြစ်ဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့ ဆီပြန်ပြီး တဲ့အထိ ဆက်ကြော်ပါတယ်။ မွှေးအောင်လို့ ပါ။ ကြေနေတဲ့အသားလေးတွေပါတဲ့ဆီနဲ့ ထမင်းပူပူလေးနဲ့ နယ်စားရတာလည်းကြိုက်လို့ ပါ။
ကြက်ဟင်းခါးသီးကြော်
အဲဒီတော့ကျမလည်းအဲဒီနည်းနဲ့ ဆားမနယ်ပါဘူး ဘာမျိုးဖြစ်ဖြစ်ပါ။ မလှီးခင်ရေဆေးပြီး အခြောက်လှီးပါတယ်။ ကြော်ရင်တော့ကျမကြိုက်သလိုမျိုးစုံကြော်ပါတယ်။ ပြီးတော့ငရုတ်သီးအကြမ်းမှုန့် ပါလေကာ၊ ကြက်သွန်ဖြူ၊ နီ နဲ့ ပုဇွန်ခြောက် မကြေတကြေကြိတ်ထဲ့၊ ခရမ်းချဉ်သီး အစေ့ညှစ် အလုံးတ၀က်လောက်လှီးထဲ့ ပြီး ဆီ အလောတော် နဲ့ သမအောင်နယ်ပြီးလုံးချက်ချက်ပါတယ်။ ငံပြာရည်လေးနဲနဲနဲ့ အချိုမှုန့် နဲနဲ ထဲ့ပါတယ်။ 
အဖုံးလေးအုပ်တည်တော့ခဏနေ သူ့ အငွေ့ နဲ့ သူ စိုစိုလေးဖြစ်လာပါတယ်။ တကယ်လို့ သိပ်ခြောက်နေရင် လည်း ရေဆူလေးကို နဲနဲချင်းစီဘဲထဲ့ပါတယ်။ ကျမအမေက ကြက်ဟင်းခါးသီးချက်က ငပိနံ့ ထွက်တာမကြိုက်တတ်ပါဘူး။ ကျမလည်းမထဲ့တာများပါတယ်။ တခါတခါစိတ်ကူးပေါက်ရင်တော့ထဲ့ပါတယ်။ အစိမ်းရောင်လေးလိုချင်လို့ ဆနွင်းလည်းမထဲ့ပါဘူး။ ဆီပြန်တော့ ကျမအတွက် ငရုတ်သီးစိမ်းလေးနှစ်တောင့် သုံးတောင့်ပစ်ထဲ့ပြီးချလိုက်ပါတယ်။
သီးစုံချဉ်ရည်
 ဒါကငပိကောင်ချက်ကတည်းကကျန်နေတဲ့ အသီးအနှံတွေကိုရှင်းရတာပါ။ ညက သီးစုံချဉ်ရည်ချက်ထားတာပါ။ အာလူး၊ မုန်လာ၊ ဘူးသီး၊ ကညွတ်ရိုး (ဒါကတော့ကညွတ်ကင်စားတုန်းကချန်ထားတာပါ) ခရမ်းသီး၊ ရုံးပတေသီး၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်၊ နဲ့ ချက်ပြီးရှမ်းနံနံအုပ်ထားတာပါ။ ကြက်ဟင်းခါးသီးနဲ့ တော့မလိုက်ပါဘူး။ ဒါပေမဲ့သပ်သပ်စီစားလိုက်မယ်လို့ တွေးထားပါတယ်။ ကျန်တဲ့ဟင်းအားလုံးနဲ့ တော့လိုက်ပါတယ်။
ဒါကငါးရံ့ခြောက်ဖုတ်။ သူငယ်ချင်းရန်ကုန်ကလာတော့စားစရာတွေ အများကြီးကျမအတွက်လက်ဆောင်ယူလာလို့ ပေါပေါကြီးစားနေရပါတယ်ခုတလော။
ဟင်းတွေချက်ပြီးညောင်းနေသော်လည်း တာဝန် ကမပြီးသေး။ ဘလော့လာမိတ်ဆွေများကို နှိပ်စက်ရန်..အဲလေ..မျှဝေရန် ဓါတ်ပုံများရိုက်ရသေးသည်။ ဟင်းချက်ရသလောက်နီးနီးပင်ပန်း။ အလင်းရောင်ကောင်းတဲ့နားကိုသယ်။ ပန်းကန်တွေထဲလည်းလှတပတမထဲ့နိုင်တော့။ တတိနိုင်တော့ဘူး။ အိုးလိုက်ဘဲချရိုက်တော့မယ်။ တော်ကြာသိမ်းရခက်ဦးမယ်။ (ဤသည်လည်းတဒုက္ခ။)
ဓါတ်ပုံတွေရိုက်ပြီးသွားတော့လည်းသိပ်ကြာမသွားခင်တင်ချင်ပြန်တယ်။ (ဘာမှန်းလည်းမသိပါဘူး) ကဲ..ခုတင်ပြန်တော့လည်း စိမ်းလန်းနယ်မြေကတယောက်သောသူက ချက်နည်းလေးပါတင်ရင်ကောင်းမယ်ဆိုလို့ ချက်နည်းလေးတွေအတိုချုပ်ရေး။ မဖြစ်ဘူးနောက်ဆို ဟင်းနဲနဲချက်ဖြစ်အောင်လုပ်ပြီး နဲနဲဘဲတင်ရင် နဲနဲဘဲရေးရမယ် ကိုယ်လည်းသက်သာမယ်ဆို ပြီး တွေးရင်း ဒီပို့ စ်လေးအဆုံးသတ်လိုက်ပါတယ်။
အော်...အားပေးဖြစ်အောင်တော့အားပေးသွားပါဦးနော်။
ခင်မင်လေးစားသော..
အိုင်အိုရာ
No comments:
Post a Comment